နတ်မောက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မိုးရာသီ တိရိစ္ဆာန်အစာပင်များဖြစ်သည့် နေဗီယာမြက်များစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် (၁၀) အချိန်က တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာရှိ တောင်သူဦးသံချောင်း တစ်ဧကခြံဝန်းအတွင်း၌ ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
“ ကျွန်မတို့ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန အနေနဲ့ အခုလို တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီရာမြက်များ စိုက်ပျိုးပေးခြင်းကြောင့် တောင်သူများအနေနဲ့ ကျွဲ၊ နွားများအား လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေး စနစ်အဖြစ်ပြောင်းလဲမွေးမြူပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစာအဖြစ်ကျွေးမွေးရန်၊ အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရိစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲကြရန်နှင့် နေဗီယာမြက်များကို နွားစာအဖြစ်ကျွေးမွေးပါက အခြားသဘာဝ မြက်များထက် လိုအပ်သောအာဟာရဓာတ်များပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်း ဖြစ်ပါတယ်” ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်ခင်ပြည့် ကပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နေဗီယာမြက်စိုက်ပျိုးရာသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးရုံး၊ မြေစာရင်းဦးစီးဌာနကဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သင်းသင်းမြတ်