တနင်္သာရီ၊ စက်တင်ဘာ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှု ဝန်ထမ်းရုံးမှ တနင်္သာရီမြို့နယ်အတွင်းရှိ မွေးရာပါမသန်စွမ်းသူ (၂၉၂) ဦးအတွက် ကိုဗစ်-၁၉ကာလ ထောက်ပံ့ငွေလွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဝေဝေလွင်နှင့်ဝန်ထမ်းများ၊ တနင်္သာရီမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ မြိတ်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝေဝေလွင်က ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများကို ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များ၊ မသန်စွမ်းသူသတ်မှတ်စံနှုန်းများအား ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူ (၂၉၂) ဦးအတွက် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ထပ်ဆင့်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မသန် စွမ်းသူများထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့အခမ်းအနားတွင် မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းသူ (၂၀၇) ဦး၊ မွေးရာပါဉာဏ်ရည်မသန်စွမ်းသူ (၁၅) ဦး၊ မွေးရာပါနားမကြားသူ (၃၂) ဦးနှင့်မွေးရာပါမျက်စိမမြင်သူ (၃၈) ဦး၊ စုစုပေါင်း (၂၉၂) ဦးအတွက် တစ်ဦးလျှင် နိုင်ငံတော်မှ ကိုဗစ်-၁၉ကာလအတွင်း (တစ်ကြိမ်သာ) ထောက်ပံ့ငွေ(၃၀၀၀၀/)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၈၇,၆၀၀၀၀) တိတိဖြစ်ကြောင်း မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဝေဝေလွင်ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)