ကော့ကရိတ်၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုမှ အဖွင့်အမှာစကားပြောကြားပြီး ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဝန်ဆောင်မှုများပေးခြင်းနှင့် လိုအပ်သည်များပံ့ပိုးကူညီပေးခြင်း၊ ကော်မတီနှင့် ၃ လတစ်ကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UNICEF (ဘားအံ)မှ ကွင်းဆင်းတာဝန်ခံ ဒေါ်မေဇံကျော်က မြို့နယ်ကော်မတီအဖွဲ့များ၊ ဒေသ၏လူမှုအဖွဲ့အစည်းများနှင့်အတူ နယ်မြေများသို့ ကွင်းဆင်းပြီး ဆွေးနွေးပွဲများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်များဖြင့် အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လူမှုအဖွဲ့အစည်း (၆) ဖွဲ့မှ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရ၊ မြို့နယ်ဥပဒေအရာရှိ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)