ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ‌ဆောင်ရွက်

ရွှေကျင်  ဇွန်  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ရှမ်းကြေးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(တပ်နယ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်စကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရွှေကျင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ ကြုံတွေမှုဖြစ်ပေါ်လာပါကရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် ပြည်သူများအားကူညီဆောင်ရွက်ပေးမှုများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ညီညီလွင်က မီးဘေးအန္တရာယ်အကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများအား ကူညီဆောင်ရွက်ပေးမှုများ၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဆေးလိပ်/ ကွမ်းယာများ၏ အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြသည်။

ဆက်လက်ပြီး ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ဇင်ဝင်းက သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များပါဝင်သည့် ဗီနိုင်းပိုစတာများကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပြီး၊   မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ဒုတိယပညာရေးမှူးဦးမြင့်သောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)