ပုလော၊ စက်တင်ဘာလ ၈
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ် ရုံးမှ တာ၀န်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာတွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့နံနက် (၈) နာရီက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုတွင် ဇရပ်ဆိပ်၊ မိမ္မမြို့၊ တပို၊ ကျောက်ကမ်းဖဲကျေးရွာများ နှင့် ပလမြို့ အမှတ် (၁၊ ၂၊ ၃၊ ၄) ရပ်ကွက်များတွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာ နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာ၀ဘေးအန္တရာယ် အသိပညာ ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)