ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၂၄ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ နာယက ဦးအောင်စန်းမြင့်က ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာပေအသိပညာတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး (Community Centre) ခန်းမတွင် လစဉ် စီစဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်းနှင့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် လာရောက်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ဝိုင်းဆွေးနွေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာ ပီမိုနင်းရေးသားသည့်  " ကမ္ဘာ့မင်တန် " စာအုပ်တွင် ပါဝင်သော သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကာ မိမိတို့ဖတ်ရှုမှတ်သားထားသည့် စာပေအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် စာပေဆွေးနွေးပွဲများကို ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် သုတ/ရသ စာအုပ်ကောင်းများကို ရွေးချယ်၍ လစဉ်စာပေဆွေးနွေးပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )