ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ စိုက်ပျိုးကြပြီး ယခုနှစ် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“မိုးမြေပဲကို မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဇွန်လဆန်းမှာ စိုက်ပျိုးကြသော်လည်း ယခုနှစ် မိုးရွာသွန်းတာစော၍ မေလက စတင်စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုပစ္စည်းတွေဈေးကြီးတော့ တစ်ဧက ငွေကျပ် လေးသိန်းခန့်ကုန်ကျတာပေါ့။ အရင်နှစ်က တစ်ဧက တင်း ၅၀ ခန့်ထွက်ရှိသော်လည်း အခုနှစ် မြေပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းနေတာကြောင့် အထွက်နှုန်းပိုမယ်လို့ခန့်မှန်းထားပါတယ်။ မိုးမြေပဲကို စားသုံးဆီအတွက် အဓိကမဟုတ်ဘဲ ဆောင်းမြေပဲစိုက်ပျိုးရန် မျိုးအဖြစ် စိုက်ကြပါတယ်”ဟု မြေပဲစိုက်တောင်သူတစ်ဦးကပြောပြသည်။

အဆိုပါ မိုးမြေပဲစိုက်ခင်းများ အထွက်နှုန်းကောင်းရန် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မြေပဲစိုက်ခင်းများအတွင်း ကျရောက်တတ်သည့် ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်မှုကာကွယ်ရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးနှင့် တမာပိုးသတ်ဆေးသုံးစွဲရေး၊ လိုအပ်မှပိုးသတ်ဆေးသုံးစွဲရေး၊ ဘက်စုံကွယ်ရေးနည်းစနစ်များ ကွင်းဆင်း အသိပညာပေး လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုး‌မြေပဲ ၇၁၂၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယ‌ခု ၄၈၀၁ ဧက စိုက်ပျိုးပြီးကြောင်း၊ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ နှမ်း သီးနှံများစိုက်ပျိုးကြကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ