ခမောက်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြသ

ခမောက်ကြီး ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊  ခမောက်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နံရံကပ်စာစောင်ပြသရာတွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်လူရွယ်ပြည်သူအပေါင်းတို့အား မူးယစ်ဆေးဝါးရှောင်ရှား ကြစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းသိရှိစေရန် အသိပညာပေးပြသထား ရှိပါသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးသုံးစွဲ ခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်များ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊ မူးယစ်ဆေးဝါးကို နည်းအမျိုးမျိုးဖြင့် သုံးစွဲကြပုံများ၊ မူးယစ်ဆေး အနွယ်ဝင် ဆေးဝါးများနှင့် ပစ္စည်းများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ရာ စာစောင်များ၊ ကာတွန်းများ ပြသထားရှိသည်။

အဆိုပါ နံရံကပ်စာစောင်ပြဘုတ်ကို ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်ဌားရမ်းဖတ်ရှုကြသူ ပြည်သူအပေါင်းတို့က ဖတ်ရှုခဲ့ပြီး ပြန်/ဆက်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ရူပါမြင့်(ခမောက်ကြီး)