ဖားဆောင်း ဇွန် ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးကျေးရွာအုပ်စုနှင့် ခဲမဖြူကျေးရွာအုပ်စုတို့တွင်ရှိ နေအိမ်များ၌ ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer များက နေအိမ်များရှိ ပိုးလောက်လန်းပေါက်ဖွားနိုင်သည့်နေရာများကို စစ်ဆေးပြီး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ဖွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ဖွားမှုမရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပေးမှာကြားပြီး ရေတွင်း၊ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နှင်းနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်