ဘားအံမြို့ အ-ထ-က(၁)ကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ဘားအံ ဇွန် ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်  စာအုပ်စာစောင်ပြပွဲကို  အ-ထ-က(၁)ကျောင်း မြသံလွင်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ကျောင်းအုပ်ဆရာကြီး ဦးမင်း‌ကျော်ဉာဏ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃၁) မူးယစ်တပ်ဖွဲ့စုမှူး(ဘားအံ)မှ ယာယီရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးရမည့်အပြင် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြစေလိုကြောင်း၊ လူငယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ရေးသည် အရေးကြီးပါကြောင်း၊ ကျောင်းသား/သူလူငယ်များအနေဖြင့် စာတတ်အတန်းအောင်ဖို့ထက်ဗဟုသုတအသိ ပညာ တိုးတက်ဖို့၊ ပညာတတ်ဖို့ လိုအပ်သည့်အတွက် စာပေဗဟုသုတများကို ဖတ်ရှု၍လေ့လာမှတ်သားကြစေလိုကြောင်း  အသိပညာပေး ‌ဟောပြောခဲ့သည်။

ထို့နောက် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို  ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)