စုကလိမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်

စုကလိ ဇွန် ၂၄

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့တွင် ဇွန်၂၆ ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေဖြန့်ချိသော သတင်းစကားလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်းနှင့်မူးယစ်ဆေးဝါး အန္တရာယ်သတိပြု ရှောင်ရှားမယ် ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့် ဖွံဖြိုးတိုးတက်ရေးဆောင်းပါး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ (၅)ရပ်၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ ဗဟုသုတအဖြစ် ဖတ်ရှုနိုင်စေသော မူးယစ်ဆေးဝါးဆိုးကျိုးများ၊ ကဗျာများတို့ကို ဝေဝေဆာဆာ ဖော်ပြထားပြီး လူစည်ကားရာနေရာများတွင် အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုရှောင်ရှားမယ် ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်အား စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြသဆောင်ရွက်ထားရာ မူးယစ်ဆေးအမျိုးမျိုး၊ သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာတတ်သော ဘေးထွက်ဆိုးကျိုးများနှင့် သတိပြုနိုင်စရာအချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် သတင်းစကားလက်ကမ်းစာစောင်များအား ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများနှင့်ဒေသနေ ပြည်သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)