ငဖဲမြို့နယ်တွင် မိုးရာသီ တိရိစ္ဆာန်အစာပင် (နေဗီယာမြက်) စိုက်ပျိုးနည်းသရုပ်ပြသ

ငဖဲ  ဇွန် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ကို ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက် နေ့ထိ အစီအစဉ်အရ မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားတိရိစ္ဆာန်များအစာ ရေစာရှားပါးမှုအန္တရာယ်မှကာကွယ်ရန်၊ အဟာရပြည့်ဝသောမြက်မျိုးများကို စားသုံးစေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်ကောင်းမွန်စေပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိရိစ္ဆာန်အစာ နေဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက အိုးမြေတွင်းကျေးရွာ တောင်သူဦးမောင်ကို၏ ယာမြေ ၁ဧကတွင် စိုက်ပျိုးပြသခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာချစ်ချယ်ရီစိုးက တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး၊ ဒုဦးစီးမှူးဒေါက်တာဆုပိုင်မြင့်ဦးနှင့်ဝန်ထမ်းများ၊ အိုးမြေတွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိုး နှင့်တောင်သူများ ပူးပေါင်း၍ တောင်သူဦးမောင်ကို၏ ယာမြေ ၁ဧကတွင် တိရိစ္ဆာန် အစာပင်နေဗီယာမြက်မျိုးများကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

တိရိစ္ဆာန်အစာနေဗီယာမြက်ပင်သည် တစ်ခြား မြက်၊ ကောက်ရိုးတို့ထက် အသားဓာတ်ပိုမိုရရှိ ကြောင်း၊ ကျွဲ၊ နွားတိရိစ္ဆာန်များအပါအဝင် ကြက်၊ ဝက်၊ ဆိတ်နှင့် တိုင်းရင်းကြက်တို့ကိုပါ အမှုန့်ကြိတ်ပြီး ဆန်ကွဲ၊ဖွဲကြမ်းတို့ဖြင့် ရောစပ်ကျွေးမွေးနိုင်ကြောင်း၊ တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့်စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်းနှင့် အစာဖိုးကုန်ကျစရိတ် နည်းပါးလာမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)