လွိုင်ကော် ဇွန် ၂၄
၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်၊ လွိုင်ကော်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီးဖြန့်ဝေပေးအပ်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် အသီးသီး စိုက်ပျိုးပေးခဲ့ကြသည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုး များပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၂,၅၀၀)ကို ပျိုးထောင်ထားပြီး ယနေ့ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ စွယ်တော် စသည့် သစ်မျိုးပင် (၁၁)မျိုး၊ စုစုပေါင်း (၇၀၀) ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား (၁၂၀) ကျော်တို့က သတ်မှတ်နေရာများတွင် ပျော်ရွင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)