ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အဖြစ် အသိပညာပေးမြေစိုက် ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ     စက်တင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌   အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အဖြစ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကို ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယမန်နေ့ ညနေ(၅)နာရီ အချိန်၌  ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ပထမအကြိမ်အဖြစ် စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့သည် နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကူးစက် ရောဂါသည် လေထုအတွင်း ပျံ့နှံရာမှလည်း တစ်ဦးမှတစ်ဦး ကူးစက်မှုအား ပိုမိုဖြစ်ပေါ်စေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဗိုင်းရပ်(စ်) ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာ၍ ပတ်ဝန်းကျင်လေထုအား သန့်ရှင်းနိုင် ရန်အတွက် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်ဝန်းကျင် ညီမျှမှုရှိအောင် သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက် ရမည်ဖြစ်သည်။

အဆိုပါ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး မြေစိုက်ပိုစတာများကို  ဖျာပုံမြို့ အထက(၁) ကျောင်းရှေ့နှင့် အမှတ်(၁) ရပ်ကွက် ဓနိတော(၄)လမ်းထိပ်တို့တွင် စိုက်ထူခဲ့သည်။

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဆောင်ပုဒ်မှာ “လေထုသန့်ရှင်းဖို့ အားလုံးပါဝင် ဆောင်ရွက်စို့” ဖြစ်ပြီး ကျွန်းပင်နှင့်ဗန်ဒါပင် စုစုပေါင်း (၅၀)ပင် ကို ဖျာပုံတံတားအနီး အားကစား ခန်းမရှေ့တွင်   စိုက်ပျိုးခဲ့ပြီး ပြည်သူများမှလည်း မိမိပတ်ဝန်းကျင်ရှိ လေထုသန့်ရှင်းဖို့ သစ်ပင်စိုက်ပျိုး ပေးကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်း ဖျာပုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက ပြောကြားခဲ့သည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)