ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများကို နဝမအကြိမ်မြောက် စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာ၌ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများကိုလည်း သတ်မှတ်ရက်အတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအနေဖြင့် လစဉ်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းသွားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သံကိုင်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၉ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၁၈၀ ဦးအတွက် စီမံကိန်းရန်ပုံငွေအတိုးအရင်း ငွေကျပ် ၅၆ ဒသမ ၃ သန်းအား အသင်းသားများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )