တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း ဆောင်ရွက်

တောင်တွင်းကြီး ဇွန် ၂၄

တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ် ဖွဲ့စည်းခြင်းကို ယမန်နေ့ ည‌နေ(၃)နာရီက အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။     

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှသောင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခုတ်မွန်းလျန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိကျေးရွာ (၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများတွင် စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် ယခုလို ကျေးရွာများအရောက် လာရောက်၍ မိတ်ဆက်ရှင်းလင်းခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏  ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် စသည့် စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာလူထု၏ ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကြီးကြပ်ရေးကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ပိန္နဲပင်ကျေးရွာ၊ ကင်ပွန်းတောင်ကျေးရွာ၊ ကံလှကန်ကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ စည်ပင်သာယာကျေးရွာ၊ ပွင့်လှကြီးကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)