စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချ‌ရေး၊ မျိုးစေ့၊ သီးနှံကာကွယ်‌ရေး ဓာတ်ခွဲခန်းရုံးဝင်းအတွင်း၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မုံရွာ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချ‌ရေး၊ မျိုးစေ့၊ သီးနှံကာကွယ်‌ရေး ဓာတ်ခွဲခန်းရုံးဝင်းအတွင်း၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ထွေးဝင်း၊ တိုင်း‌ဒေသကြီး မျိုးစေ့တာဝန်ခံ ဦးရဲမင်းလှ၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေး တာဝန်ရှိဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ထွေးဝင်းက "သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ ပန်းမပွင့်မီ ထယ်ထိုး ‌မြေမြှုပ်ပေးခြင်းဖြင့် သီးနှံပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ဓာတ်များအပြင် ပိုတက်ဆီယမ်၊ ကယ်လဆီယမ်ဓာတ်များကို ရရှိစေမှာဖြစ်တဲ့အတွက် တောင်သူများအနေနဲ့ ဓာတ်မြေဩဇာကုန်ကျစရိတ်ကို လျှော့ချစေနိုင်ပြီး ဝင်ငွေတိုးပွားလာမှာဖြစ်ပါကြောင်း၊ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်ပြီး မြေဆီလွှာကျန်းမာသန်စွမ်းစေကာ မြေဆီလွှာ၏ ထုတ်လုပ်နိုင်စွမ်းအား ရေရှည်တည်တံ့ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုလို တောင်သူနည်းပညာပေး သရုပ်ပြပွဲများကို ပြုလုပ်ပြသရခြင်းဖြစ်ကြောင်းနှင့် သစ်စိမ်းမြေဩဇာကို ဒေသမရွေးစိုက်ပျိုးနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်နိုင်ခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်လာစေခြင်း၊ လျှော်အဖြစ်လည်း အသုံးပြုနိုင်ခြင်း စတဲ့အကျိုးကျေးဇူး များရရှိနိုင်ကြောင်း   ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချ‌ရေး၊ မျိုးစေ့၊ သီးနှံကာကွယ်‌ရေးဓာတ်ခွဲခန်းရုံးဝင်းအတွင်း၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသမှု အခြေအနေများအားလည်းကောင်း၊ သုတေသနစိုက်ခင်းများ၊ မျိုးထိန်းစိုက်ခင်းနှင့် HOME GARDEN စိုက်ခင်းများဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း တာဝန်ရှိသူအသီးသီးတို့၏ ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်းပြီး လိုအပ်သည့် အခက်အခဲများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးမှုနှင့် သုတေသနစိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများအနေဖြင့် အပင်များဆက်လက် ရှင်သန်စေရေးအတွက် အားလုံးဝိုင်းဝန်း ပြုစုစောင့်ရှောက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချ‌ရေးဌာနခွဲအနေဖြင့် သစ်စိမ်းမြေဩဇာစိုက်ပျိုးဖို့ရန်အတွက် ပိုက်ဆံလျှော်အပြင် အခြားပဲမျိုးရင်းဝင် အပင်များဖြစ်သော ပဲလွန်း၊ ပဲရင်း၊ ပဲတီစိမ်းနှင့် ညံပင်များကိုလည်း စိုက်ပျိုးသုံးစွဲလို့ရပါကြောင်း ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပိုက်ဆံလျှော် မျိုးစေ့တင်းပေါင်း(၂၀၀)ကို တိုင်းဒေသကြီးအတွင်ရှိ ဒေသခံတောင်သူများ လက်ဝယ်သို့ အခမဲ့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် သစ်စိမ်းမြေဩဇာများအဖြစ် ပိုက်ဆံလျှော်အပြင် အခြားပဲမျိုးရင်းဝင် အပင်များနှင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။

ခရိုင်(ပြန်/ဆက်)