မြို့သစ် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းများ၊ မြို့မစျေး၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်နှင့် ဌာနဆိုင်ရာရုံးများသို့ မြို့နယ်ရုံးဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးကာတွန်း၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကဗျာဆရာ မင်းသန်းနိုင်(မုဒုံ)၏ “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်” ကဗျာ၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ ဆောင်ပုဒ်နှင့်မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ် ဆောင်ပုဒ်စသည့် မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာအကြောင်းအရာများ စုံလင်စွာပါရှိပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)