နတ်မောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မျက်ရဲကန်ကျေးရွာတွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော တိုင်ထောင်ခရမ်းချဉ်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မျက်ရဲကန်ကျေးရွာရှိ တောင်သူဦးဇော်လင်း၏ GAP စနစ်ဖြင့် တိုင်ထောင် ခရမ်းချဉ်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းထဲအရောက် သွားရေုာက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်း ပညာပေးဆောင်ရွက်ခဲ့သည်။
“ကျွန်တော်စိုက်ခင်းမှာ တိုင်ထောင်ခရမ်းချဉ် တစ်ဧကခွဲ စိုက်ပျိုးထားပါတယ်၊ ခရမ်းချဉ်စိုက်ပျိုးရာမှာ ခရမ်းချဉ်စေ့များကို (၁) လခန့် ပျိုးထောင် ရပါတယ်၊ ပျိုးထောင်ပြီး အပင်ပေါက်များကို ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး (၂) လခန့်ရှိရင်တော့ ခူးဆွတ် ရောင်းချမှာဖြစ်ပါတယ်၊ စိုက်ပျိုးနည်းစနစ်ကတော့ တစ်ပတ် (၂) ကြိမ်ရေသွင်းပေးရပါတယ်၊ ပိုး ရှိ/မရှိကြည့်ပြီး ပိုးကျရောက်ပါက သဘာဝပိုးသတ်ဆေးများ ဖြန်းပေး ရပါတယ်”ဟု မျက်ရဲကန်ကျေးရွာနေ တောင်သူဦးဇော်လင်းထံက သိရသည်။
သင်းသင်းမြတ်