ပြည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင်နှင့် မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ခရိုင်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းစီမံချက်နှင့် ကော်မတီများဖွဲ့စည်း၍ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့်အခြေအနေများနှင့် ခရိုင်အတွင်းမြို့နယ်များမှ ပြိုင်ပွဲဝင်ရန် အမည်စာရင်းပေးသွင်းထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်မြို့ရှိ တက္ကသိုလ်/ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အလိုက် (အဆို၊ အက၊ အရေး၊ အတီး) အနုပညာရှင်/ အတတ်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များ ရရှိ /ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများနှင့် အကြံပြုလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆွေးနွေးသည်။
အဆိုပါ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင်နှင်မြို့နယ်အဆင့် ပြိုင်ပွဲများကို ဝါသနာရှင်ပထမတန်းအဆင့်၊ ဝါသနာရှင်ဒုတိယတန်းအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅-၂၀)အဆင့်နှင့် အခြေခံပညာ(အသက်၁၀-၁၅)အဆင့်တို့ဖြင့် ကျင်းပမည်ဖြစ်ကာ အဆင့်အလိုက်ပြိုင်ပွဲဝင်များအနက် ကဏ္ဍအလိုက် အကောင်းဆုံးပြိုင်ပွဲဝင်များကို စိစစ်အမှတ်ပေးရွေးချယ်၍ ပဲခူးမြို့၌ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် တိုင်းဒေသကြီးအဆင့် အကောင်းဆုံးရရှိသူများကို နေပြည်တော်၌ ယခုနှစ် အောက်တိုဘာလအတွင်း ကျင်းပမည့် နိုင်ငံတော်(ဗဟို)အဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး)ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကိုဆက် (ပြန်/ဆက်)