လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ခရုစုပေါင်းကောက်ယူ နှိမ်နင်းပွဲ ကျင်းပ

လှိုင်းဘွဲ   ဇွန်  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများက စုပေါင်း၍စပါးများ မစိုက်ပျိုးမီ စပါးဖျက်ခရုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်  စုပေါင်းခရုကောက် ယူနှိမ်နင်းပွဲကို ယမန်နေ့က ဒိုင်းပြကျေးရွာ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ခရု စုပေါင်းကောက်ယူနှိမ်နင်းပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး သိန်းထွန်းတ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ အမှတ်()တပ် နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်းတို့က လာရောက်ကြည့်ရှုခဲ့ပြီး ခရုကောက်ပွဲကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ဦးဆောင်ကာ တောင်သူ (၁၀၀)ဦးခန့်က ဒိုင်းပြကျေးရွာ ဦးပေါ်လင်၊ ဦးထွန်း၊ ဦးအောင် ထွန်းလုံ၊ ဦးဖိုးဒူ၊ ဦးကြည်ဝင်း ပိုင်ဆိုင်သော လယ်ဧက(၂၅)ဧကအတွင်း၌ စပါးစိုက်ပျိုးရာတွင် ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ခရုများ ကောက်ယူနှိမ်နင်းခြင်း၊ ခရုဥများ ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက စပါးဖျက်ခရုများ ကြိုတင်ကာကွယ် နှိမ်နင်းရမည့် နည်းလမ်းများ၊ ခရုတစ်ကောင်လျှင် ပေါက်ဖွားနိုင်သည့် ဥများ၊ ပေါက်ဖွားနိုင်သည့်အကောင်ဦးရေ၊ ဖျက်ဆီးရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ပြီး ခရုများကို ထုံးများဖြင့် ဖျက်ဆီး နှိမ်နင်းခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)