သရက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များပြသ၍ “သတင်းစကား” လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများအား သရက်မြို့ အထက(ခွဲ) လ-၃ ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး လှဇော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းက လူငယ်အသိပညာပေး သိမှတ်ဖွယ်ရာများအကြောင်းတို့ကို ဟောပြောခဲ့သည်။ ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မဟာဗျုဟာ (၂) ရပ်၊ နည်းဗျုဟာ (၃) ရပ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးကာကွယ်ရေး ကဗျာ၊ ကာတွန်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)