သမဝါယမနှင့် စီမံခန့်ခွဲမှု တက္ကသိုလ်(စစ်ကိုင်း)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေး

စစ်ကိုင်း ဇွန် ၂၄

သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း)တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက အဖွင့်အမှာစကား ဆွေးနွေးပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့်အတူ စားသုံးသူများကာကွယ်ရေးအတွက် သက်ဆိုင်ရာ ဈေးကြီးတွေမှာ၊ ယခုလို အဆင့်မြှင့်တက္ကသိုလ်တွေမှာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် သက်မှတ်ထားတဲ့ ထုတ်ကုန်ပစ္စည်းများအပေါ် ထုတ်လုပ်မှုရက်စွဲ၊ ကုန်ဆုံးမှုရက်စွဲတွေကို လေ့လာကြည့်ရှူ့ပြီးမှ ဝယ်ယူသုံးစွဲသွားကြစေလိုကြောင်း၊ ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်ကုန် ပစ္စည်းတွေကို သက်မှတ်စည်းကမ်းများနှင့်အညီ ထုတ်လုပ်သွားကြဖို့လိုကြောင်း၊ စည်းကမ်းများ လိုက် နာမှုမရှိပါက ပြစ်မှု/ ပြစ်ဒဏ်များနှင့် ဥပဒေ/နည်းဥပဒေများကို အကျယ်တဝင့် ဆွေးနွေးပြောကြား ပေးခဲ့ကာ သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသရောက်ရှိသောအခါ ပြန်လည်မျှဝေ ပေးသွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားပေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခ ချုပ်နှင့်ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်