ဇလွန် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီ-ဟင်္သာတ တာမိုင် ၂၅ /၂ ဆန်တန်း ရေကင်းစခန်း အမှတ် (၃)တွင် ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်က မိုးရာသီ မြစ်ရေကြီးချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ် ကာကွယ်စောင့်ရှောက် ရမည့် နည်းလမ်းများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို သိရှိနားလည်စေရန် လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)