ပန်နန်းဒင် စက်တင်ဘာ ၈
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ(၃)လစာ အတွက် ဆန်အိတ်(၆၁ဝ) ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က (အထက-ပန်နန်းဒင်)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုံ၊ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်က ဆန်ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ထောက်ပံ့ပေးအပ်သည့် ဆန်အိတ်(၆၁ဝ)ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမဘုဒဂုံ၊ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်နှင့် တာဝန်ရှိသူများက ပန်နန်းဒင်မြို့ အတွင်းရှိ အလိအောင်းကျေးရွာအုပ်စုနှင့် မခွမ်ကန်ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု(၁၁ဝ)စု၊ လူဦးရေ(၆၅၁)ဦး တို့အတွက် စားနပ်ရိက္ခာ(၃)လစာ ဆန်အိတ်(၆၁ဝ)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် အညီ ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)