ကော့ကရိတ် ဇွန် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီးအမှတ်ပေး ဒိုင်အဖွဲ့ အဖွဲ့ဝင်များကအမှတ်ပေးစည်းမျဉ်းအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် ကော့ကရိတ်မြို့ပေါ်အခြေခံပညာကျောင်းတို့မှ အထက်တန်းဆင့် ကျောင်းသူ ကျောင်းသား(၈)ဦးတို့မှ “မူးယစ်ကိုပစ်ဒို့မချစ်”ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်နေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို လာမည့်ဇွန်လ ၂၆ ရက်နေ့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)