မကွေး ဇွန် ၂၄
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသမီး ကော်မတီ ဝင်များအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း လုပ်ငန်းစဉ်ပါ လုပ်ငန်းနယ်ပယ်များအား မြို့နယ်ကော်မတီအဆင့်ထိ အသိပညာပေးရန် လိုအပ်ကြောင်း၊ နယ်ပယ်တစ်ခုချင်းစီအလိုက် ဦးစားပေးဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ကြီးကြပ်လမ်းညွှန်မှုများ ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်းများ ဆောင်ရွက်ရေးအတွက် ဆွေးနွေးအကြံပြုပေးစေလိုကြောင်း၊ ဒါ့အပြင် ကျား၊ မဆိုင်ရာ သဘောတူညီချက်တစ်ခုဖြစ်တဲ့ ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်တဲ့ မူဝါဒများကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိုလည်း အတည်ပြု ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ငယ်မုဒိမ်း ကိစ္စရပ်များ၊ တိုင်ကြားစာများအား ကော်မတီဝင်များနှင့် ပူးပေါင်းဖြေရှင်းကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို လက်တွေ့ကျကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးကို ပြည့်ဝစွာ အကောင်အထည်ဖော်သွားနိုင်ရေး၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ဒေါ်ခင်သူဇာက တိုင်းဒေသကြီးအတွင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အမျိုး သမီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးပြောကြားရာ ဆွေးနွေးမှုများ အပေါ် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုအောင်