ရွှေတောင် စက်တင်ဘာ ၈
ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်(၉) နာရီက မြို့နယ်ပြည်သူ့ ဆေးရုံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းသည် ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးပြီး ရောဂါ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက်(၅)မျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးပြီး တစ်ဦးချင်းအလိုက် လက်မောင်းပတ် တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များအတွက် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး တိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက် အလှည့်ကျ ကလေးငယ်တစ်ဦးချင်းအလိုက် ဆေးထိုး၊ ဆေးတိုက် ပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)