ထားဝယ်မြို့ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေး

ထားဝယ် ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောပူးပေါင်းအဖွဲ့များက ထားဝယ်မြို့၊ ဈေးတောင်ဘက်လမ်းရှိ မောင်မောင်ဝင်းမြင့်၊ ပိတောက်ရွှေဝါလမ်းရှိ Lucky 7၊ ကမ်းသာယာလမ်းရှိ မေတ္တာမွန်ဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှုရှိ/မရရှိ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါသော ဆေးများအား ရောင်းချခြင်းမပြုရန် အသိပညားပေးပြောကြားသည်။

ထို့သို့ ဆေးဆိုင်သို့ဆေးလာရောက်ဝယ်လာသူများအား ဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့်အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ၂ ဒီဂရီ ဆယ်စီ ရပ်စ်မှ ၈ ဒီဂရီဆယ်စီရပ်စ်အတွင်း အပူချိန်တွင်ထားရှိရမည့် ကာကွယ်ဆေး၊ အင်ဆူလင်နှင့် မျက်စဉ်းဆေးများအား သတ်မှတ်အပူချိန်ရှိ ရေခဲသေတ္တာထဲတွင်သာ သိုလှောင်ထားပြီးရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားကာ ဆိုင်များမှ ပဋိဇီဝဆေးဝါးနမူနာ(၁)မျိုးအား ဝယ်ယူ၍ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးဦးစီးဌာန(ထားဝယ်)ရှိ Mini Lab တွင် ဆေးဝါးများ စံကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဆက်လက်၍ ဆေးဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါသော ITRODEX (Eye-EAR DROP) ဆေးဘုး(၂)ဘူး အားသိမ်းဆည်းခဲ့ပြီး ကော်မတီဝင်များရှေ့မှောက်တွင် စုပေါင်းဖျက်ဆီးရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)