တနင်္သာရီ ဇွန် ၂၄
တနင်္သာရီတိုင်ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁နာရီခွဲ အချိန်က အမက-တပ်ဦးကျောင်းအတွင်း ကျောင်းသူ/သားများအာ ဗလငါးတန်ဖွံ့ဖြိုးပြီး မူးယစ်ဆေးဝါးကင်းစင်စေရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာများကိုသိရှိစေရေးနှင့် လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးစေရေးတို့အတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားမစတင်မီ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
၎င်းအသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ အမက-ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုနွယ်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပေးသည်။
ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းက မုန်တိုင်းဘေးအန္တရာယ်အရောင်နှင့်အဆင့်များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးဦးနိုင်ကျော်လင်းက လူငယ်နှင့်အားက စားကဏ္ဍဖွံ့ဖြိုး စေရေးခေါင်းစဉ်ဖြင့်လည်းကောင်း သီးသီးအသိပညာဆွေးနွေးပေးကြသည်။
ထို့နောက် ပညာပေးဆွေးနွေးမှုများအပေါ် ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်း ပြန်လည်ဆန်းစစ်မေးမြန်း၍ ဖြေဆိုနိုင်သူ ပဉ္စမတန်းမှမောင်ညီဇံဖြိုးနှင့် ကိုရင်ဇေယံထူးတို့ နှစ်ဦးအား ဆုငွေများချီးမြှင့်ပေးကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲနှင့် ယှဉ်တွဲ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ မူးယစ်ဆေးအန္တရာယ်ဆိုင်ရာ နံရံကပ်များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆွေးနွေးပွဲ မှတ်တမ်းများ၊ သဘာဝဘေးဖြစ်ပွားက ဆောင်ရန်/ရှောင်ရန် အချက်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များပြသထားရှိရာ ကျောင်း သူ/သားများမှ စိတ်ဝင်တစား ကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)