ပဲခူး ဇွန် ၂၃
၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က၊ ခွဲ(ပုဏ္ဏားစု)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အ.ထ.က၊ ခွဲ(ပုဏ္ဏားစု)ကျောင်းမှ ဆရာမကြီး ဒေါ်နွယ်နီကြိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက မူးယစ်ဆေးဝါးကင်းစင်သည့်အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် “မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး” ၊ “အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ကြောက်မက်ဖွယ်ကောင်းပုံများ ပါဝင်သော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အ.ထ.က၊ ခွဲ(ပုဏ္ဏားစု)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ(၁၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)