ဖြူး ဇွန်၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အဖြစ် ယနေ့နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်ဘုတ်များ ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ရာဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့၊ ညောင်ပင်သာကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဖတ်မှတ်ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နေမျိုးလွင်