သာယာဝတီ ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်မိုးထွန်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင်တွေ့ရသော အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုအသေးစိတ် ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အခမ်းအနားသို့ အခြေခံပညာအလယ်တန်းကျောင်း(သာယာဝတီ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)