ပွင့်ဖြူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိမည့် ဆိုးကျိုးများ ၊ အရေးယူခံရမည့် ပြစ်မှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးလေးမြင့်က ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးအတွက် ဆင်ခြင်သတိပြုရမည့်အချက်များ၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန် အားလပ်ချိန်များတွင် စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပြီး စာပေအသိပညာဗဟုသုတများ တိုးပွားရေး သုတ၊ ရသ စာအုပ်ကောင်းများကို ရှာဖွေဖတ်ရှု လေ့လာကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ဝန်ထမ်းများ အဖွဲ့က ပညာရေးဌာမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာ ဖတ်ရှုကြခဲ့ကြပြီး မြို့နယ်ရုံး ပြည်သူ့စာ ကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ် စာစောင်များကို ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)