ဇလွန် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်သမဝါယမဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား ပထမပိုင်းတွင် သဘာပတိဦးစောဝင်းက မြို့နယ်သမဝါယမအသင်းစုလီမိတက် လုပ်ငန်းများ တိုးတက်လာ စေရန် အမှုဆောင်သစ်များနှင့်အတူ အသင်းကိုယ်စားလှယ်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်နိုင်ထွန်းက အသင်းသားများအနေဖြင့် အသင်းလုပ်ငန်းများအပေါ် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှ အသင်းတိုးတက်အောင်မြင်မည်ဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာဖတ်ကြားတင်ပြခဲ့ပြီး ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာအပေါ် အသင်းဝင်များမှ အကြံပြု ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြား ရှင်းလင်းခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းအား အတည် ပြုခဲ့သည်။ ယင်းနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လက်ရှိဒါရိုက်တာအဖွဲ့များ တာဝန်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမှုဆောင်အသစ်များအား ဆန္ဒမဲပေးရွေးချယ်၍ အမှု ဆောင်သစ်များအား တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ကြသည်။ ယင်းနောက် ဒါရိုက်တာအဖွဲ့သစ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဝေယံ- ဇလွန်(ပြန်/ဆက်)