ငါးသိုင်းချောင်းမြို့၊မအူကုန်ကျေးရွာတွင် ၂၀၂၂ -ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာ အုပ်စု၊ တောင်သူဦးကုသိုလ်၏ ကွင်းအမှတ်(၉၀၃-B)၊ ဦးပိုင်အမှတ်(၁၉)တွင် တိုင်းဒေသကြီး စိုက်ပျိူရေးဦးစီးဌာန အစီအစဉ်ဖြင့်၂၀၂၂ -ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ တောင်သူများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါကွင်းအတွင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးလှမျိုးနွယ်၊ မြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးအေးကျော်တို့က တောင်သူများသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြော ဆောင်ရွက်ခဲ့ပြီး တောင်သူဦးကုသိုလ်၏ စိုက်ကွက်အတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည်ကြဲပက်နိုင်‌ကြောင်း၊ စျေးနှုန်းအားဖြင့် ၁ ပြည်လျင်၂၅၀၀ ကျပ်သာကျသင့်‌ပြီး တစ်ဧကလျင်မြေဩဇာမျိုး‌စေ့ဖိုးငွေ (၁၀၀၀၀)ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း၊ ကြဲပက်ပြီး (၄၅)ရက်ကြာလျှင် ထယ်ထိုး၊ ထည့်သွင်းပြီး မြေသြဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

တောင်သူ ဦးကုသိုလ်၏ စိုက်ဧကအတွင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းအား  စိုက်ပျိုးရေးဦးစီးဌာနက (၁)ဧကအပေါ်အခြေခံ တွက်ချက်မှုအရ ယူရီးယား(၂ဒဿမ၂၂)အိတ်၊ တီစူပါ(ဒဿမ၆၉)အိတ်၊ ပိုတက်ရှ်(၁ ဒဿမ၉၈)အိတ် အသုံးပြုခြင်းနှင့် ညီမျှ‌‌သည့် အကျိုးခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ မြေဆီလွှာ ထိန်းသိမ်းနိုင်ခြင်း၊ ပိုးမွှားကျရောက်မှုသက်သာခြင်း၊ ဓါတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အထွက်နှုန်းတိုးတက်ခြင်း စသည့်ကောင်းကျိုးများကို ရရှိစေမည်ဖြစ်သောကြောင့် ထည့်သွင်း အသုံးပြုစိုက်ပျိုးကြရန် စိုက်ပျိုးရေးဦးစီးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာအုပ်စု(၃၂)အုပ်စု၌ မိုးစပါးစိုက်ဧက(၂၇၁)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း အသုံးပြုစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)