ဆိပ်ဖြူမြို့နယ်ရှိ မိုးသီးနှံ စိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ် ဝန်ထမ်းများနှင့် တွေ့ဆုံ

ဆိပ်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး ဦးဆောင်သော အဖွဲ့သည် မိုးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲက ဆောင်ရွက်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)က အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးနှင့် ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းထိုက်၊ မကွေးတိုင်းဒေသကြီး မန်နေဂျာဦးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ခွဲ)ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်တောင်သူများ ဒေသထွက်ကုန်မြင့်မားရေး၊ တောင်သူများအတွက် စားနပ်ရိက္ခာဖူလုံရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် ၂၀၂၂ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ အရှိန်အဟုန်မြှင့်၍ အဆင်ပြေစွာချေးပေးနေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဒေါ်သန်းသန်းဆင့်က တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနေမှုနှင့် တောင်သူများက ချေးငွေပြန်လည် ပေးဆပ်နေမှုအခြေအနေများ၊ ချေးငွေကြွေးကျန်များလျော့ကျရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက ငွေကြေးအလွဲသုံးစားမှု တားဆီးကာကွယ်ရေး၊ ငွေကြေးလုံခြုံရေး၊ မိုးသီးနှံ စိုက်ပျိုးစရိတ်များကို တောင်သူများအား အရှိန်အဟုန်မြှင့် စိုက်ပျိုးချိန်အမီထုတ်ချေးပေးနိုင်ရေး၊ ချေးငွေ ကြွေးကျန်များ (N L P)ကျဆင်းရေးနှင့် ရုံးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင် (IPRD)