အင်္ဂပူ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တရားသူကြီး နန်းဇင်မင်းထက်မှ(၁-၇-၂၀၂၂) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ တရားစီရင်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ တိုင်းဒေသကြီးတရားလွှတ်တော် ညှိနှိုင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်မှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားလွှတ်တော် ညှိနှိုင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်၊ ခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်တရားသူကြီး နန်းဇင်မင်းထက်နှင့် ဝန်ထမ်းများ၊ ရှေ့နေများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းနှင့် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့် မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီး နန်းဇင်မင်းထက်ထံမှ သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)