ရေဖြူ ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင်ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သောကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ ကွမ်းသီးအနုစျေးကွက်မှာ ဆယ်စုနှစ်တစ်ခုခန့်ကမှ စတင်ရောက်ရှိပြီဖြစ်သော်လည်း ရေဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ်တွင်မှ အရောင်းအဝယ်ဖြစ်လာသည်။
ကွမ်းသီးအရည်သောက် (သို့) ကွမ်းသီးအနုသည်ကွမ်းသီးပင်စတင်သီးချိန်၊ အရည်နုလေးများ စတင်ထည့်ချိန် အရွယ်အစားလုံး ပတ်အချင်း ၁ လက်မခန့် ၊ အလေးချိန် 20kg နှင့် 30kg အကြားတွင် စတင်ဆွတ်ခူး၍ ရောင်းချကြသည်။ အဝိုင်းသီးနှင့်အချွန်းသီးပုံစံနှစ်မျိုးဖြင့် သီးလေ့ ရှိပြီး အဝိုင်းသီးခေါ်သံပုရာသီးပုံစံကို ပယ်၍အချွန်းသီး (အရှည်သီး) ကိုသာအဝယ်ဒိုင်များက ဝယ်လေ့ရှိသည်။
ကွမ်းသီးအရည်သောက် (ခေါ်) ကွမ်းသီးအနုအားတရုတ်နိုင်ငံက အများအပြားဝယ်ယူကြောင်း ၊ မြန်မာနိုင်ငံတွင် ကွမ်းသီးအနုများအားမီးအပူဖြင့်ပေါင်း၍ အခြောက်ခံပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးစိမ်း၊ ကွမ်းသီးအခြောက်များကို ကွမ်းယာယာ၍ စားသုံးကြသော်လည်း တရုတ်နိုင်ငံတွင် သရေစာအဖြစ် ထုတ်လုပ်ရောင်းချ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းသီးအခြောက်၊ အစိမ်းအပြင်အနုစျေးကွက်တစ်ခု ပေါ်လာခြင်းဖြစ်သည်။ ကွမ်းသီးအရင့်အမှည့်ကဲ့သို့ထား၍ မခံပဲခူးဆွတ်ပြီးရက်ပိုင်းအတွင်း စက်ရုံသို့အရောက်ပို့ကာ ပေါင်းခံခြင်း၊ အခြောက်ခံခြင်းတို့ပြုလုပ်ပြီး တရုတ်သို့တင်ပို့ရောင်းချကြောင်း ကွမ်းသီးအနုဝယ်ယူသူတစ်ဦးက ပြောပြသည်။
ပြီးခဲ့သည့် ရာသီကကွမ်းသီးအရင့်တစ်လုံးကိုပျမ်းမျှ (၃၀)ကျပ် စျေးရှိနေချိန်တွင် ကွမ်းသီးနုကွမ်းသီးတစ်လုံးလျှင် အနည်းဆုံး (၄၀) ကျပ်ပေးကာဝယ်ယူနေပြီး အခြောက်ကဲ့သို့ကုန်ကျစရိတ်မရှိပဲ စျေးကောင်းပေးဝယ်ယူနေသဖြင့် ကွမ်းသီးခြံလုပ်ငန်းရှင်များမှာ ကွမ်းသီးအနုများရောင်းချရန် စိတ်ဝင်စားလာကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင် နေရာအတော်များများတွင် ကွမ်းသီးနုများ ဆွတ်ခူးရောင်းချလာကြပြီး တောင်သူများအနေဖြင့်လည်း ကွမ်းသီးအနုကပို၍ တွက်ခြေကိုက်ကြောင်းသိရသည်။ လာမည့်ကွမ်းသီးမှည့်ရာသီတွင် ကွမ်းသီးအနုဆွတ်ခူးရောင်းချမှုများသောကြောင့် ကွမ်းသီးအခြောက်လုပ်ငန်းမှာ နှစ်တိုင်းထက်နိုင်ဈေးပိုရနိုင်ကြောင်း သိရသည်။
ဖြူဖြူရှိန်( ပြန်/ဆက်)