ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဇီးကုန်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအား တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းကို စနစ်တကျ ပြုလုပ်အသုံးပြုနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူရေးလုပ်ကိုင်နေသူများအနေဖြင့် မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများလုပ်ကိုင်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ နည်းပေးလမ်းညွှန်မှု ဆောင်ရွက်လုပ်ကိုင်ရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးက လက်ခံယူခဲ့သည်။

အဆိုပါသင်တန်းတွင် ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကြီးထွားနှုန်းကောင်းစေသော တိရစ္ဆာန်အစာပင် စိုက်ပျိုးနည်းနှင့် အာဟာရဓာတ်ပြည့်ဝသော ကြာရှည်ခံသည့် မြက်ချဉ်ဖတ် ပြုလုပ်နည်းကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဇီးကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အခြေခံကျန်းမာရေးလုပ်သားများနှင့် ဆိတ်ဖူးကျင်းကျေးရွာအုပ်စု၊ ဝက်စာပိုးကျေးရွာအုပ်စု၊ သင်ကန်ကျေးရွာအုပ်စု၊ လယ်မ ကျေးရွာအုပ်စု၊ နွားတဲကုန်းကျေးရွာအုပ်စုတို့မှ မွေးမြူရေးလုပ်ကိုင်သူ(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။

တင့်ဆွေ