မြိတ် ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၅)မူးယစ်အထူးတပ်ဖွဲ့စု တို့ပူးပေါင်း၍ ရိုက်ကူး ဆောင်ရွက်ခဲ့ကြသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို အနာဂတ်တိုင်းပြည်အတွက် ထွန်းတောက်ဖွံ့ဖြိုးလာမည့် သားကောင်းရတနာ သမီးကောင်းရတနာ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် လမ်းမှားမရောက်စေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးယုဝါအောင်က အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးဆောင်ရွက်သည့် ရည်ရွယ် ချက်ကို ပြောကြားပြီး အမှတ်(၃၅)မူးယစ်အထူးတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်အောင်က မူးယစ်ဆေးဝါး အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ထိန်းချုပ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုး အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
အသိပညာပေး အစီအစဉ်ကို ကျောင်းသား/သူများ လာရောက် နားထောင်ခဲ့ကြပြီး ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံးဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေးမေးခွန်းများ မေးမြန်း၍ အမှတ်တရ ဗလာစာအုပ်နှင့် စာရေးကိရိယာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)