ဝေါမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ဝေါ   ဇွန်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၁:၀၀) နာရီအချိန် က သစ်စက်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင် က  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲခြင်းဖြင့် ရရှိမည့် ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)