ရွှေတောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ရွှေတောင် ဇွန် ၂၃

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး” အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ပဲခူးတိုင်းတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ ပြပွဲတွင် ရွှေတောင်မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်များ သိရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ‌တက်ရောက်လာသော ကျောင်း‌သား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။

အသိပညာပေး နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား သုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ ပညာပေးရုပ်ပြများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်နှင့် ပိုစတာများ၊ သရုပ်ဖော်ပန်းချီများ၊ မူးယစ်ဆေးသုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ စိတ်ကြွဆေးအန္တရာယ်မှ ကင်းဝေးစေရေး သိမှတ်ဖွယ်ရာများအား စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက် လေ့လာခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး” အသိပညာပေးနံရံကပ်​ပြဘုတ်ကို ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ၂ ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း