ချောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ချောက်မြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ် စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်းဆွေးနွေးတွေ့ဆုံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၃)နာရီကပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၀င်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်နုတို့က အဖွင့်အမှာစကားများပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်တို့ က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် ပါတီ၏ လိုက်နာရမည့် ကျင့်ဝတ်တို့ကိုလည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ရက်၊ ကာလများအတိုင်း ဥပဒေနှင့် အညီ ဆောင်ရွက်သွားရန်တို့ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န်၊ ဒေါက်တာ မျိုးသက်ဦးက အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ နှင့်အညီဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက်များ၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန်အချက်များကိုလည်းကောင်း၊ စည်ပင်သာယာရေးကော်မတီမှ အလုပ် အမှုဆောင် အရာရှိ ဦးနေမန်းက မဲဆွယ်စည်းရုံးရေးဆိုင်ရာဗီနိုင်း၊ ပိုစတာများစိုက်ထူရာတွင် သိသင့်သည်များကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများက သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မချို(ချောက်)