ရေကြည်မြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ

ရေကြည် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဒေါင့်မှန်ကုန်းကျေးရွာရှိတောင်သူ ဦးမောင်မောင်သော်၏ နေဗီယာမြက် (၁)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့မြေစာရင်းဦးစီးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးအိအိစံနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဖြိုးအိအိစံက မွေးမြူသူတောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင် ကိုယ်တိုင်စိုက်ပျိုး မွေးမြူခြင်းဖြင့် အာဟာရတန်ဖိုးမြင့်မားသော အစာကို ကျွေးမွေးနိုင်ခြင်းကြောင့် ကြီးထွားနှုန်းမြင့်မားပြီး ထုတ်လုပ်မှုကောင်းစွာရရှိခြင်း၊ အစာကုန်ကျစရိတ် သက်သာခြင်း၊ အစာရေစာရှားပါးချိန်တွင် ဖူလုံလောက်ငှမှုရှိခြင်းတို့ကြောင့် မိရိုးဖလာ အစာကျွေးမွေးမှုပုံစံမှသည် အာဟာရတန်ဖိုးမြင့်မားသော အစာကျွေးမွေးနိုင်ကြစေရန်၊ မွေးမြူသူများအနေဖြင့် စိတ်ပါဝင်စားစွာ လိုက်ပါစိုက်ပျိုးနိုင်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အောင်သူဟန်(ပြန်/ဆက်)