ချောင်းသာ၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချောင်းသာ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပညာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့၀င်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ၅ နှစ်မှ ၁၂ နှစ်အထိရှိ ကျောင်းသား/ ကျောင်းသူများအား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး အခြေခံပညာမူလတန်းကျောင်း (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁)ကျောင်းနှင့် (အ-ထ-က)ချောင်းသာမှ အလယ်တန်းကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးခဲ့ပြီး ယနေ့အချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၅၀၀ ဦးခန့်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)