ပိုင်ကျုံ ဇွန်လ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၈.၃၇) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ သုခချမ်းသာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ ၂၂ ရက် ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၂၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို သတ်မှတ်အချိန် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူစေပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီး ဖြစ်ကြောင်း သိရှိရပါသည်။
နော်ခူး (ပြန်/ဆက်)