ပခုက္ကူမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲ ပြုလုပ်

ပခုက္ကူ ဇွန် ၂

၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်အစာနေဗီယာမြက်သရုပ်ပြ စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ မီးသွေးကန်ကျေးရွာ တောင်သူ ဦးသန်းဝင်း၏ ယာမြေတစ်ဧကတွင်ပြုလုပ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကြသည်။

အဆိုပါ တိရစ္ဆာန်အစာပင်နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော တိရစ္ဆာန်အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်စေရန်တို့အတွက် ရည်ရွယ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင်နေဗီယာမြက်တွင် အသားဓာတ် (၁၄)မှ (၁၆)ရာခိုင်နှုန်းအထိ ပါဝင်ကာ တစ်ဧကလျှင် ပင်ကြားတန်းကြား သုံးပေခန့်စီဖြင့် အပင်ရေ(၄၄၀၀)ပင်စိုက်ပျိုးနိုင်ပြီး ရှစ်နှစ်သက်တမ်းရှိကြောင်း၊ စတင်စိုက်ပျိုးချိန်မှရက်(၉၀)အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင် ငါးကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်း တန်(၁၀၀)ခန့်အထိ ထွက်ရှိနိုင်ပြီး နွားကောင်ရေ (၁၅)ကောင် (သို့မဟုတ်) ဆိတ်ကောင်ရေ (၁၅၀)ကောင်အထိ အစာဖူလုံစွာကျွေးမွေးနိုင်ကြောင်း၊ မြို့နယ်လုံး အနေဖြင့် နွားကောင်ရေ (၄၇၈၆၅)ကောင်၊ ဆိတ်ကောင်ရေ (၆၉၄၂၃)ကောင် မွေးမြူထားပြီး တိရစ္ဆာန်အစာပင် နေဗီယာမြက် (၅ဒသမ၅)ဧက စိုက်ပျိုးထားကြောင်း ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးအောင်က ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)