မေတ္တာ ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့သည် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်ခုဖြစ်ပြီး ကြက်မောက်သီး၊ နာနတ်သီး စသည့် အသီးအနှံများ၊ နှစ်ရှည်၊ နှစ်တိုသီးနှံအပင်မျိုးစုံ စိုက်ပျိုးကြရာ ယခုနှစ်တွင် တောင်သူများမှ ကြက်မောက်၊ နာနတ်သီးများကို အဓိကထားစိုက်ပျိုးကြပြီး သင့်တင့်သော ဈေးကောင်းရရှိရေး မျှော်လင့်လျက်ရှိကြသည်။
စိုက်ပျိုးထားရှိပြီးသော ကြက်မောက်၊ နာနတ်အပင်များကို မတ်လမှစ၍ ပျိုးထောင်ရန်အတွက် ပျိုးအိတ်သွတ်ခြင်း၊ မြေပြုလုပ်ပြင်ဆင်ထားရှိပြီး မတ်လတွင် ပျိုးအိတ်များအတွင်း မျိုးစေ့ထည့်စတင်ပျိုးထောင်ကာ ပျိုးပင်များအား ရေလောင်းပေးခြင်း၊ မြက်ပင်များရှင်းပေးခြင်းများပြုလုပ်ပေးရပြီး သင်္ကြန်အခါတွင် ရွာသွန်းသောမိုးကိုခန့်မှန်း၍ မိုးကြိုအဖြစ်စိုက်ပျိုးကြသည်။ မိုးကြိုသီးနှံများသည်များသောအားဖြင့် ဈေးကောင်းရရှိတတ်သောကြောင့် တောင်သူအများစု အဓိကထားစိုက်ပျိုးကြသည်။ သီးနှံအပင်များရှင်သန်ကြီးထွားဖို့ရန်အတွက် သဘာဝမြေသြဇာအဖြစ် နွားအညစ်အကြေး၊ ဆိတ်အညစ်အကြေးများကို အသုံးပြုလျက်ရှိပြီး မိုးတွင်းစိုက်ပျိုးရာတွင် ကြက်မောက်နှင့်နာနတ်ပင်များကို မေလမှစတင်၍ မြေချပျိုးထောင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပုံမှန်ဈေးနှုန်းလောက်သာ ရောင်းချကြရသည်။
ကြက်မောက်သီးတစ်စည်းလျှင်(၇ဝဝ)ကျပ်၊ နာနတ်သီးတစ်လုံးလျှင်(၁၅၀၀)ကျပ် ရရှိသောကြောင့် တောင်သူများအနေဖြင့် လာမည့်နှစ်တွင် စျေးကောင်းရရှိရေး ခန့်မှန်းမျှော်လင့်လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
မေတ္တာ(ပြန်/ဆက်)