ပလောက် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ ညနေပိုင်းက ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မူးယစ်ဆေး၏အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကို ပြသရာ ပလောက်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)